သမင်အကြောင်း
သမင်ထီးကြီးများ၏ အရပ်မှာ လေးပေခန့်မြင့်၍ သမင်မများ၏ အရပ်မှာ သုံးပေခွဲသာမြင့်သည်။ သမင်မများ၏ ကိုယ်ကာယသည် အချိုးအစားကျပြီး အလွန်လှပပါသည်။ သမင်မများ၏ ခန္ဓာကိုယ်သည် သမင်ထီးများထက် သေးသွယ်ပါသည်။ သမင်ထီးကြီးများ၏ အရောင်အသွေးမှာ ဝါနီညိုရင့်ရောင်ဖြစ်ပြီး အထီးအိုကြီးများ၏ အရောင်မှာ အညိုရောင်ဖြစ်သည်။ သမင်ထီးကြီးများတွင် ထူထဲပြီး ကြမ်းတမ်းသော လည်ဆံမွှေးများ ပါရှိကြသည်။ သမင်များ၏ အရောင်အသွေးမှာ ရာသီဥတုကိုလိုက်၍ ပြောင်းလဲတတ်ကြသည်။ အေးမြသည့် ဆောင်းရာသီတွင် အမွှေး၏အရောင်မှာ ရင့်ပြီး ပူအိုက်သည့် နွေရာသီတွင် အရောင်ဖျော့ကာ ဝါညိုရောင်ဖြစ်လာသည်။ သမင်လေးများသည် မိဘဖြစ်သော သမင်ကြီးများနှင့် ပုံသဏ္ဍာန်တူသော်လည်း ၎င်းတို့၏ ကိုယ်ပေါ်၌ အစက်အပြောက် အစင်းကျားများ ပါရှိတတ်ကြသည်။ ၎င်းအစက်အပြောက်များကို တစ်ခါတစ်ရံ အရွယ်ရောက်သည်အထိ တွေ့ ရတတ်ပေသည်။
သမင်များသည် အမြင်၊ အကြား၊ အနံ့ခံအာရုံ သုံးခုစလုံး ကောင်းကြသည်။ ထို့ကြောင့် သမင်သည် မျက်စိ လျှင်နားပါးပြီး အနံ့ခံကောင်းသည်။ အပြေးလည်း အလွန်ကောင်းသည်။ သမင်သည် အင်အားကြီးမားသော ကျား၊ ကျားသစ်၊ စသော သားရဲတိရိစ္ဆာန်များနှင့် ရန်သူများ၏ဘေးမှ လွတ်ကင်းအောင် ပြေးလွှားနိုင်သည်။ အမဲလိုက်ခွေးများသည် ကွင်းပြင်တွင် သမင်များကို မီအောင်မလိုက်နိုင်ကြပေ။
သမင်များသည် ထိတ်လန့်သည့်အခါတွင် စူးရှသော အာလုပ်သံမျိုးဖြင့်အော်လေ့ရှိသည်။ သမင်ဖို၏ တောက်သံမှာ သမင်မအသံထက်ကျယ်ပြီး အသံမှာလည်း အလွန်ရှည်သည်။ အထူးသဖြင့် မိတ်လိုက်သည့် ရာသီ ဖေဖော်ဝါရီလမှ ဧပြီလကုန်အထိ သမင်ဖို၏ တောက်သံကို တောအုပ်များထဲတွင်ကြားရတတ်၏။ သမင်ဖိုများသည် အချင်းချင်း ခိုက်ရန်ဖြစ်ပွားတတ်သည့်အကျင့်ရှိပြီး များသောအားဖြင့် မိတ်လိုက်ချိန်တွင် တစ်ကောင်နှင့်တစ်ကောင်ချိုဖြင့် ဝှေ့၍ တိုက်ခိုက်ဗိုလ်လုတတ်ကြသည်။ သို့အတွက် ဦးချိုအတက်အခက်များ စူးပြီး မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးကန်းနေသော သမင်ဖိုများကို မကြာခဏ တွေ့မြင်ရတတ်သည်။ ၎င်းတို့၏ ကိုယ်သန်ဆောင်ချိန်ကာလမှာ (၈)လခန့်ကြာပြီး တစ်သားလျှင် တစ်ကောင်သာ မွေးဖွားတတ်သည်။သမင်ကောင်ရေသည် (၂)နှစ်အတွင်း တစ်ကောင်သာ အများဆုံးတိုးပွားလေသည်။ မွေးဖွားလာသည့် သမင်ကလေးမှာ (၂) နှစ်သားအရွယ်အထိ မိခင်နှင့် အတူနေတတ်သည်။
သမင်ထီးများသည် အသက် (၂)နှစ် အရွယ်တွင် ဦးချိုစထွက်သည်။ (၃)နှစ်ပြည့်လျှင်၎င်း၏ဦးချို၌ အခက်အပွားများ စတင်ထွက်လာသည်။ ဤသို့ဖြင့် အသက်(၆)နှစ်အရွယ်တွင် ဦးချိုအခက်အတက်များ စုံသည်။ ထိုအချိန်မှသာ ၎င်း၏ဦးချိုသည် အလွန်တရာမှ ကြည့်ရှုကောင်းအောင် လှပလေတော့သည်။ ထိုကာလအတွင်း ဦးချိုအခက်များသည် နှစ်စဉ်ကြွေကျပြီး အသစ်ပေါက်လေ့ရှိသည်။ သမင်ဦးချိုသည် သေးသွယ်ရှည်လျားပြီး လေးပေနီးပါးခန့် ရှည်တတ်သည်။ သမင်အမများတွင်မူ ဦးချိုမပါရှိချေ။
သမင်ဖိုများသည် အသံလာရာကို နားရွက်ထောင်နားစွင့်နေတတ်ကြသည်။
သမင်ဖိုကြီးများသည် အလွန်ဆူဖြိုးသောသတ္တဝါဖြစ်သဖြင့် မုဆိုးများကအသားအတွက် အမဲလိုက်ကြသည်သည်။